အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Wednesday, September 23, 2009

” မျိုးလှိုင်ဝင်းထွက်သွား”

E-mail

မကွေးအက်ဖ်စီ ယူနိုက်တက် အသင်းအား (၁-ဝ) ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် သုဝဏ္ဏကွင်း အတွင်း ရန်ကုန် ယူနိုက်တက် အသင်း၏ အမှတ်တရ အင်္ကျီများ၊ ခေါင်းစည်းနှင့် အမှတ်တရ ပစ္စည်းများ စက်တင်ဘာ (၂ဝ)ရက်နေ့တွင် ပြန့်ကျဲသွားသည်ကို တွေ့ရသည်။

`မျိုးလှိုင်ဝင်း ထွက်သွား` ဟူသည့် အော်ဟစ်သံများနှင့်အတူ အသင်းရလာဒ်များကို စိတ်ပျက် နေကြသည့် ရန်ကုန် ပရိသတ်များက အဝတ်အစားများနှင့် ခေါင်းစည်းများကို ကွင်းအတွင်း လွှင့်ပစ် နေကြခြင်းကြောင့် တာဝန်ရှိသူများက ပွဲအပြီးတွင် အမှိုက်လှည်းများဖြင့် လိုက်လံ သိမ်းဆည်း ခဲ့ရသည်။

` လေးပွဲ လာကြည့်တာ သုံးပွဲရှုံးတယ်။ အားပေးရတာ မတန်ဘူး။ နောက်ပွဲ လာမကြည့်တော့ဘူး။` အထူးတန်း ပွဲကြည့်စင်မှ အမျိုးသမီး ပရိသတ်တဦးက ပြောသည်။

စက်တင်ဘာ (၁၃)ရက်နေ့ ပွဲစဉ် (၃) တွင် ဆောက်သမ်းမြန်မာအသင်းအား ရှုံးနိမ့်ခဲ့ပြီးနောက် စက်တင်ဘာ (၁၆)ရက်နေ့တွင် ရန်ကုန် ယူနိုက်တက် အသင်းသည် အင်္ဂလိပ်လူမျိုး Mr. Peter James Butler ဆိုသူအား တလ လစာ အမေရိကန်ဒေါ်လာ (၈ဝဝဝ) ဖြင့် နည်းစနစ် ဒါရိုက်တာအဖြစ် ခေါ်ယူခဲ့သည်။ ယခု မကွေးအသင်းအား ရှုံးနိမ့်ခဲ့သော် ပွဲစဉ်သည် Mr. Peter James Butler ၏ ရန်ကုန်အသင်း နည်းစနစ် ဒါရိုက်တာအဖြစ် ပွဲဦးထွက် အတွေ့အကြုံပင် ဖြစ်သည်။

ပထမအကြိမ် MNL CUP တွင် ရန်ကုန် ယူနိုက်တက် အသင်း ရှုံးနိမ့်ခဲ့သည့် တသင်းတည်းသော ကလပ်အသင်း ဖြစ်သည့် မကွေး အက်ဖ်စီ အသင်းအား ယခုပြိုင်ပွဲတွင် လက်တုံ့ပြန် အနိုင်ယူရန် မျှော်လင့် ထားခဲ့ကြသော ရန်ကုန် ပရိသတ်များသည် စက်တင်ဘာလ(၂၀)ရက်နေ့ ညနေတွင် သည်းခံနိုင်မှု အတိုင်းအတာ ကုန်ဆုံး သွားခဲ့ကြပြီး မိမိတို့အသင်းအား ရှူံ့ချ ပြောဆိုသကဲ့သို့ နည်းပြအား ထွက်သွားရန် အော်ဟစ် ခဲ့ကြသည်ကို တွေ့ရသည်။ ထို့ပြင် ကွင်းအတွင်းမှ ပြန်လည် ထွက်ခွာလာသော မကွေးအသင်းမှ ကစားသမားများအား ရန်ကုန် ပရိသတ်များက ဂုဏ်ပြု နှုတ်ဆက် ခဲ့ကြသည်ကို တွေ့ရသည်။

` ပရိသတ် ဆိုတာကတော့ ဒီလိုပါပဲ ။ ကျနော် ဘောလုံးကစားခဲ့တဲ့ အချိန်ကတည်းက ဂိုးသွင်းနိုင်ရင် အားပေးသလို ဂိုးမသွင်းနိုင်ရင် အပြစ်တင်တာ ခံခဲ့ရပါတယ်။ ပရိသတ်ကို ကျွန်တော်အပြစ်မတင်ပါဘူး။ အပြစ်မတင်တဲ့အပြင် ကျေနပ်မိပါတယ်။ ` ဟု ဦးမျိုးလှိုင်ဝင်းက ဆိုသည်။

` မျိုးလှိုင်ဝင်းထွက်သွားဆိုတဲ့ စကားက ကျနော့်အတွက် အမှတ်တရပါပဲ။ နည်းပြဘဝမှာတော့ ပထမဆုံး အတွေ့အကြုံလည်း ဖြစ်ပါတယ်။ဒီစကားတွေကြားရတဲ့အတွက် ကျနော်ပိုပြီး ကြိုးစားရဦးမယ်လို့ ခံယူမိပါတယ်။`
ဟု ပွဲပြီး သတင်းစာဆရာများနှင့် တွေ့ဆုံချိန်တွင် ယင်းကပြောသည်။

ရန်ကုန် ယူနိုက်တက် အသင်းသည် ပြီးခဲ့သည့် MNL Cup 2009 ပြိုင်ပွဲတွင် ဗိုလ်လုပွဲအထိ တက်ရောက်ခဲ့ပြီး ဗိုလ်လုပွဲတွင် မန္တလေးအသင်းအား ပယ်နယ်တီ အဆုံးအဖြတ်ရောက်မှ ပွတ်ကာသီကာ ရှုံးနိမ့်ခဲ့ရသည့်အတွက် ယခုပြိုင်ပွဲတွင် ပိုမိုကောင်းမွန်သော ရလာဒ်များ ရရှိရန် အားပေး သူများက မျှော်လင့် ထားကြသည်။

သို့သော် ယခုလေးပွဲ ကစားပြီးချိန်တွင် ရန်ကုန်တိုင်း အသင်းသည် ဥဿာယူနိုက်တက် တသင်းတည်းကိုသာ အနိုင်ရရှိထားပြီး ဧရာဝတီတိုင်း ကိုယ်စားပြု ဒယ်လ်တာ ယူနိုက်တက်၊ တနင်္သာရီတိုင်း ကိုယ်စားပြု ဆောက်သမ်းမြန်မာ အက်ဖ်စီ စသောအသင်းများအား ရှုံးနိမ့် ခဲ့ပြီးနောက် ယခုတဖန် မကွေးအသင်းအား ရှုံးနိမ့် ခဲ့ခြင်းဖြစ်သည်။

ရန်ကုန် ယူနိုက်တက် အသင်းသည် လက်ရှိတွင် သုံးမှတ်ရရှိထားပြီး အသင်း (၈)သင်းပါဝင်သော အမှတ်ပေး ဇယား၌ အဆင့် (၆) နေရာတွင် ရောက်ရှိနေသည်။ ရန်ကုန်ကဲ့သို့ပင် ဆောက်သမ်းမြန်မာ အသင်းမှာလည်း သုံးမှတ်ရရှိထားပြီး ဂိုးကွာခြားချက်အရ အဆင့် (၇) တွင်ရပ်တည်နေသည်။

ယခုဒုတိယအကြိမ် ကျင်းပသော ပြိုင်ပွဲသည် ပတ်လည်နှစ်ကျော့ ကစားရမည် ဖြစ်ပြီး အမှတ်အများဆုံး အသင်း ဗိုလ်စွဲမည် ဖြစ်သည်။ အသင်း တသင်းလျှင် စုစုပေါင်း (၁၄) ပွဲစီ ကစားရမည် ဖြစ်သဖြင့် လေးပွဲသာ ကစားရသော ရန်ကုန် ယူနိုက်တက် အက်ဖ်စီ အသင်းအနေဖြင့် အမှတ်ပေးဇယား အထက်ပိုင်းသို့ ပြန်တက် လာနိုင်သော်လည်း ချန်ပီယံ ဖြစ်ရေးအတွက်မူ အပြင်းအထန် ရုန်းကန်ရဖွယ် ရှိနေသည်။

"ပထမအကြိမ်တုန်းက နိုင်ငံခြားသား ကစားသမားတွေ နည်းတယ်။ ရန်ကုန်၊ ရတနာပုံနဲ့ ဒယ်လ်တာတို့ပဲ ငှားကြတာ။ အခုပြိုင်ပွဲ မှာ အားလုံးလိုလို နိုင်ငံခြားသား ကစားသမားတွေနဲ့ အင်အားတောင့်လာတော့ ခုလက်ရှိ ကစားပုံ အနေအထားနဲ့ ရန်ကုန် ဗိုလ်စွဲဖို့ မလွယ်နိုင်ဘူး။ " ဟု ပြည်တွင်း အားကစား ဂျာနယ်လစ်တဦးက ပြောသည်။

ယခုပြိုင်ပွဲတွင် ကမ္ဘောဇ အက်ဖ်စီ အသင်းမှ လွဲ၍ ကျန်အသင်းတိုင်း နိုင်ငံခြားသား ကစားသမားများ ခေါ်ယူထား ကြသည်။ ယင်း (၇) သင်းစလုံး ခေါ်ယူခွင့် ရှိသော နိုင်ငံခြား ကစားသမား ပမာဏ (၅) ဦးစီ အပြည့် ခေါ်ယူထားကြခြင်း ဖြစ်သည်။

ရန်ကုန် ယူနိုက်တက် အသင်းသည် လာမည့် စက်တင်ဘာ (၂၆) ရက် စနေနေ့တွင် လေးပွဲကစား သုံးပွဲအနိုင် ရရှိထားသည့် ကမ္ဘောဇ အသင်းနှင့် တွေ့ဆုံမည် ဖြစ်ပြီး အောက်တိုဘာလ တစ်ရက်နေ့တွင် ရှုံးပွဲမရှိ စံချိန်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေသည့် ရတနာပုံ အသင်းအား မန္တလေးမြို့ဗထူးကွင်းတွင် သွားရောက် ရင်ဆိုင် ရမည်ဖြစ်သည်။

လက်ရှိ အမှတ်ပေးဇယားတွင် အသင်းများ၏ ရပ်တည်နေမှုမှာ အောက်ပါအတိုင်းဖြစ်သည်။

အဆင့် အသင်း ကစားပြီးပွဲ နိုင် သရေ ရှုံး သွင်းဂိုး ပေးဂိုး ရမှတ်

(၁) ရတနာပုံ ၄ ၃ ၁ ဝ ၆ ၁ ၁ဝ
(၂) ဒယ်လ်တာ ယူနိုက်တက် ၄ ၃ ၁ ဝ ၈ ၅ ၁ဝ
(၃) ကမ္ဘောဇ ၄ ၃ ဝ ၁ ၇ ၅ ၉
(၄) မကွေး အက်ဖ်စီ ၄ ၁ ၂ ၁ ၂ ၃ ၅
(၅) ဥဿာ ယူနိုက်တက် ၄ ၁ ၁ ၂ ၃ ၆ ၎
(၆) ရန်ကုန် ယူနိုက်တက် ၄ ၁ ဝ ၃ ၄ ၅ ၃
(၇) ဆောက်သမ်း မြန်မာ ၄ ၁ ဝ ၃ ၆ ၈ ၃
(၈) ဇေယျာရွှေမြေ ၄ ဝ ၁ ၃ ၃ ၆ ၁

No comments:

Post a Comment