အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Saturday, July 17, 2010

ဆားငန်ရေနောက်

ဖွားမြင်သည်ကစ၍ မိဘချစ်ရ၊ ဆွေမျိုးဥာတိ ချစ်ရနှင့် ချစ်လက်တီထွင်ကာ အတော်ကြာလျှင် ကစားဖေါ်ခြင်း ချစ်ရ၊ မိတ်ဆွေရင်းချစ်ရ စသည်ဖြင့် ၀မ်းတွင်းပါ ဓမ္မတာတရားက အချစ်ကို လမ်းပြနေသောကြောင့် ရေငတ်ငတ်ရှိ၍ ဆားငန်ရေကို သောက်လိုက်ရာ သောက်ပြီးခါမှ သာ၍ငတ်၊ ငတ်သည့်အတွက် ထပ်၍သောက်၊ သောက်လေ ငတ်လေ ဖြစ်သကဲ့သို့ ကာမဂုဏ် အာရုံတွေကို ငတ်ငတ်ရှိ၍ လိုက်စားခါမှ သာ၍ငတ်ပြီးလျှင် အပြစ်မမြင်နိုင်ဘဲ ချစ်ပင်လယ်ထဲ၌ ၀ဲလှည့်၍ နေကြရလေတော့သည်.....
အချစ် အချစ်၊ ချစ်တိုင်းချစ်၍၊ ချစ်လေချစ်လေ၊ ချစ်မပြေတည်း၊
ဆားငန်ရေနောက်၊ ငတ်တိုင်းသောက်က၊ သောက်လေသောက်လေ၊
ငတ်မပြေသို့၊ ပေမအရာ၊ တဏှာဖွဲ့ရစ်၊ ထိုအချစ်လည်း.....
အပြစ်မမြင်၊ မဆင်ခြင်ဘဲ၊ ချစ်လျှင်ပျော်နိုး၊ ချစ်စပျိုးသည်...
ချစ်ရိုး ချစ်စဉ် ချစ်လမ်းတည်း.....။(ရှေးပညာရှိပျို့)
(ကိုယ့်ကျင့်အဘိဓမ္မာ)

တဏှာလောဘ နောက်မဆုတ်

ဤတဏှာပေမ သမုဒယ သံယောဇဉ်ဟု ခေါ်ရသော လောဘသည် တရားဖြင့် မထိန်းနိုင်ဘဲ သူ့အလိုဆန္ဒ အတိုင်းသာ ဦးစားပေးလိုက်ပါမူ မည်သည့်အခါမျှ နောက်ဆုတ်မည်မဟုတ်...။ နွားကလေး၏ ပေါက်ခါစ ဦးချိုသည် ကြီးလေ ရှည်လေ ဖြစ်သကဲ့သို့ ပဋိသန္ဓေကပင် မျိုးစေ့ပါလာခဲ့သော ဤတဏှာလောဘသည်လည်း အရွယ်ကြီးလေ လောဘကြီးလေပင်ဖြစ်၏...။ ထိုကဲ့သို့ လောဘကို မတားဆီးနိုင်သူ ဇရာအိုကြီးတို့အတွက် “ယောင်ကြီးလျှင် ငိုက်၊ လူကြီးလျှင်မိုက်” ဟု ပြောစမှတ် ပြုကြသည်...

Friday, July 16, 2010

အမျှဝေ

မိမိရသော ကုသိုလ်အဖို့ကို သူတစ်ပါးအား အမျှဝေသောအခါ မိမိမှာ ကုသိုလ်အရ နည်းမသွားပေဘူးလားဟု စဉ်းစားဖွယ်ရှိ၏...။ ကုသိုလ်ဆိုသည်မှာ စိတ်စေတနာသာ လိုရင်းဖြစ်၏...။ မိမိပြုသော ဒါနကုသိုလ်အတွက် စိတ် စေတနာကောင်း ဖြစ်ပြီးလေပြီ...။
မိမိမှာ ဒါနကုသိုလ်ဖြစ်သလို သူတစ်ပါးအားလည်း ဖြစ်စေလိုသောအခါ ရွှေပေါ်မြတင်သကဲ့သို့ မူလဒါန ကုသိုလ် အပေါ်တွင် ပတ္တိဒါန ကုသိုလ်ထပ်၍ တင်ရာရောက်သွားလေး၏..။ထိုကြောင့်အမျှဝေသည့်အတွက် ကုသိုလ်အရ နည်းမသွားသည့်အပြင် ပို၍ပင် ကုသိုလ်ရပါသေးသည်..။
မီးခြစ်အကုန်ခံ၍ ပထမ ဆီမီးထွန်းပြီးနောက် ထိုဆီမီးမှ အဆင့်ဆင့်မီးကူးပေးရာ၌ မူလမီးမှာ အရောင်မမှိန်သည့် ပြင် နောက်မီးတွေ၏ အကူအညီကြောင့် သာ၍ အားရှိသကဲ့သို့တည်း...
(ကိုယ့်ကျင့်အဘိဓမ္မာ)

Thursday, July 15, 2010

အလုပ်

လောကတွင် မည်သည့်အလုပ်ကို လုပ်လုပ်၊ မြင့်မြတ်သော စိတ်ထားရှိရမည်၊ စူးစမ်းဆင်ခြင်သော ဥာဏ်ရှိရမည်၊ လုပ်နည်း လုပ်ဟန်မှန်ရမည်..ဤအင်္ဂါသုံးပါးနှင့် ညီညွတ်လျှင် ထိုလုပ်ငန်းသည်..နှစ်လိုဖွယ်ကောင်းသော လုပ်ငန်း ဖြစ်၏..ဟု အနုဋီကာ ဆိုကြောင်း ဆရာတော် ဦးသေဌိလက မိန့်ဖူးပါ၏...
(ဦးရွှေအောင်)

မေတ္တာ

အမှန်အားဖြင့် မေတ္တာသက်ဝင်လာသောအခါ မိမိ မေတ္တာသက်ဝင်သူအပေါ် မိမိ အနစ်နာခံရခြင်းသည်ပင်လျှင် မိမိ အတွက် အတိုင်းအဆ မသိသော စိတ်ကြည်နူးစရာ အဖြစ်သို့ ပြောင်းသွားလေ၏..။
ချစ်လေသူအတွက် အနစ်နာခံနိုင်လေ အနစ်နာခံရခြင်းအတွက်လည်း စိတ်ကြည်နူးရလေဖြစ်၏...
(ဦးအောင်ရွှေ)

မိမိကိုယ်ကို ချစ်လျှင်....

လောကတွင် မိမိလောက် ချစ်စရာကောင်းသော အရာဟူ၍ ဘာမျှမရှိဟု အဆိုရှိ၏...။ ပုထုဇဉ်တို့၏ အတွေးအမြင်အရ မိမိသည် မိမိအတွက် ချစ်စရာအကောင်းဆုံးဟူ၍ ခံယူထားပါလျက် လက်တွေ့အားဖြင့် လုပ် ဆောင်ရာ၌မူ မိမိကိုယ်ကို မိမိ တကယ်တမ်း ချစ်ရာရောက်အောင် မဆောင်ရွက်ကြ...။
အမှန်အားဖြင့် မိမိကိုယ်ကို မိမိ တကယ်တမ်း ချစ်ပါလျှင် ချစ်ရာရောက်အောင် ဆောင်ရွက်ဖို့လို၏...။ သို့မှသာ မိမိသည် မိမိအတွက် ချစ်စရာ အကောင်းဆုံးဟူသော အဆိုနှင့်ညီမည်ဖြစ်၏...။ သို့မဟုတ်ပါက အပြောတစ်မျိုး၊ အလုပ်တစ်မျိုး ဖြစ်ပေလိမ့်မည်..။ မိမိကိုယ်ကို မိမိ ချစ်ရာရောက်အောင် ဆောင်ရွက်ခြင်းဟူသည်ကား ကာယကံမူကို လုပ်သည်ဖြစ်စေ၊ ၀စီကံမူကို လုပ်သည်ဖြစ်စေ၊ မနောကံမူကို လုပ်သည်ဖြစ်စေ မည်သည့်အမူကိုလုပ်လုပ် ဓမ္မနှင့်အညီ လုပ်ခြင်းသာဖြစ်၏..။ ဓမ္မနှင့်အညီလုပ်ပါမှ မိမိကိုယ်ကို မိမိက တကယ်တမ်း ချစ်ရာရောက်မည်..။
ဓမ္မနှင့်အညီ မလုပ်ဘဲ အဓမ္မသဘော အတိုင်းသာ လုပ်ပါက မိမိကိုယ်ကို မိမိ ချစ်ရာ မရောက်ဘဲ နှစ်ရာသာ ရောက်လေ၏...။
(ဦးရွှေအောင်)

အတွေးနှင့်အမြင်

ယနေ့ ကျွန်ုပ်တို့ ဖြစ်ဖြစ်သမျှသည် မနေ့က ကျွန်ုပ်တို့၏ အတွေးအမြင်များမှ ဆင်းသက်သည်...။ ယနေ့ ကျွန်ုပ်တို့၏ အတွေးအမြင်များသည် မနက်ဖြန် ကျွန်ုပ်တို့၏ ဘ၀ကို တည်ဆောက်ပေလိမ့်မည်..။အတွေး (သင်္ကပ္ပ)နှင့် အမြင်(ဒိဌိ)တို့သည် မှန်ကန်သော အတွေးနှင့်အမြင်ဖြစ်ပါက မဂ္ဂင်ရှစ်ပါးတွင် သမ္မာသင်္ကပ္ပနှင့် သမ္မာဒိဌိအမည်ကို ရ၍ မှားယွင်းသောအတွေးနှင့် မှားယွင်းသော အမြင်ဖြစ်ပါက မိစ္ဆာသင်္ကပ္ပနှင့် မိစ္ဆာဒိဌိ အမည်ကိုရ၏...။
ထိုကြောင့်အတွေးနှင့်အမြင်သည် ဘ၀အတွက် အစုန်နှင့်အဆန် လမ်းနှစ်သွယ်လုံးကို ခင်းပေးလေ၏..။
(ဦးရွေအောင်)

Wednesday, July 14, 2010

သစ်ပင်နှင့်ဘဝ

သစ်ပင်တစ်ပင်ကို ကြည့်သောအခါ အမြစ်ပိုင်း၊ ပင်စည်ပိုင်း၊ အကိုင်းအခက်ပိုင်းဟူ၍..သုံးပိုင်း ပါဝင်သကဲ့သို... လူ့ဘ၀ တွင်လည်း ကိုယ်ကျင့်တရားပိုင်း၊ အသိပညာပိုင်းနှင့် အတတ်ပညာပိုင်း၊ ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာ ပိုင်း...ဟူ၍ အပိုင်း သုံးမျိုးပါဝင်၏....။
သစ်ပင်တွင် အမြစ်ပိုင်း ပျက်စီးသွားပါက ကျန်သော ပင်စည်ပိုင်းနှင့် အကိုင်းအခက်ပိုင်းတို့သည် ဘာမှ အသုံးမကျတော့ဘဲ ထင်းခြောက်ပမာသာဖြစ်၏...။
ထိုးနည်းတူပင် လူ့ဘ၀တွင်လည်း ကိုယ်ကျင့်တရားပိုင်း ပျက်စီးသွားပါက ကျန်သော အသိပညာပိုင်းနှင့် အတတ်ပညာပိုင်း၊ ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာပိုင်းတို့သည် အလွန်ကြောက်စရာကောင်းသော လောက၏...အဆိပ်များသာဖြစ်၏...။
(ဦးရွှေအောင်)

သင် ဘယ်လိုလူစားလဲ

လူသည် တိရိစ္ဆာန်လိုလည်း နေ၍ရ၏..။ဗြဟ္မာလိုလည်း နေလိုရ၏...။ ဗြဟ္မာယောင်ဆောင်၍ တိရိစ္ဆာန်လိုလည်း နေလို့ရ၏။မိမိကြိုက်သလို နေလို့ရ၏...။တိရိစ္ဆာန်လိုနေလျှင် မိမိကိုယ်ကျိုး တစ်ခုတည်းကိုသာ ကြည့်တတ်သဖြင့် အကုသိုလ်ပွား၏..။ ဗြဟ္မာလိုနေလျှင် ဗြဟ္မစိုရ်အမြင်ဖြင့် လောကအကျိုးကို သယ်ပိုးတတ်သောကြောင့် ကုသိုလ်ပွား၏..။ဗြဟ္မာယောင်ဆောင်၍ တိရိစ္ဆာန်လိုနေလျှင်ကား ဒေ၀ဒတ်အလောင်း ဆင်သတ်မုဆိုးနှယ် ၀န်လေးသောအမူကို ပြုရာရောက်၏..။
တိရိစ္ဆာန်လို နေသူနှင့် ဗြဟ္မာလိုနေသူတို့ကား ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ ဖြောင့်မတ်သူများဖြစ်၍ သိသာသဖြင့် ရှောင်ရလွယ်၏..။ပေါင်းရလွယ်၏..။ ဗြဟ္မာယောင်ဆောင်၍ တိရိစ္ဆာန်လို နေသူကား မဖြောင့်မတ်သူများဖြစ်၍ မသိသာသဖြင့် လောကအတွက် အန္တရာယ်များ၏...။ အပြောကတစ်မျိုး၊ အလုပ်ကတစ်မျိုး၊ သို့မဟုတ်..အသွင်သဏ္ဍာန်က တစ်မျိုး၊အကျင့်စရိုက်က တစ်မျိုးလုပ်တတ်သူများသည် ဗြဟ္မာ ယောင်ဆောင်၍ တိရိစ္ဆာန်လို နေသူများ စားရင်း၌ ပါဝင်ပေသည်....
(ဦးရွှေအောင်)

အသိနှင့်အကျင့်

အသိကို မျက်စိနှင့်တူသည်ဟူ၍လည်းကောင်း၊ အကျင့်ကို ခြေနှင့် တူသည်ဟူ၍လည်းကောင်း နှိုင်းခိုင်း၍ ဆိုကြပါ၏။ ခြေမပါဘဲ မျက်စိခြည်းသာ ရှိနေလျှင်လည်း မိမိလိုရာခရီးကို ရောက်အောင် မသွားနှိုင်။ မျက်စိမပါဘဲ ခြေချည်းသာ ရှိနေလျှင်လည်း မိမိလိုရာခရီးကို ရောက်အောင် မသွားနှိုင်ရုံသာမက ချောက်ကမ်းပါးထဲသို့ ကျဖို့က များလေသည်။ လိုရာခရီးဟူသည်မှာ အမြင့်ဆုံးအားဖြင့် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရာနိဗ္ဗာန်သို့ ရောက်ရေးပင် ဖြစ်ပေသည်...။
အနိမ့်ဆုံးအားဖြင့် လောကကို မိမိနှင့် တစ်သားတည်းထား၍ ချစ်တတ်၊ ငဲ့ညှာတတ်၊မြတ်နိုးတတ်၊ ခွင့်လွတ် တတ်သော စိတ်ဖြင့် ဆက်ဆံဆောင်ရွက်ရေးပင်ဖြစ်၏...။
(ဦးရွှေအောင်)

ပထမရွှေကျင်ဆရာတော်ဘုရားကြီး၏ မှတ်သားဖွယ်ရာ အဆုံးအမများ

၁။ယစ်မသည် ဥအတွက်အသေခံသည်။
၂။စာမရိသားကောင်သည် အမြီးအတွက် အသေခံသည်။
၃။ရဟန်းသည် သီလအတွက် အသေခံသည်။
၎။သစ်ပင်အားနည်းလျှင် လေမုန်တိုင်း တိုက်လှဲသည်။
၅။ရဟန်းသမာဓိနည်းလျှင် ကိလေသာမုန်တိုင်း တိုက်လှဲသည်။
၆။စိတ်သည် တောမျောက်ကဲ့သို့ လော်လည်ဧ။် ။ အလိုမလိုက်ရာ။
၇။ကာလကို လူမစားလျှင် လူကိုကာလ စားသည်။
၈။သည်းခံခြင်း လက်နက်ဆောင်လျှင် ဒေါသမီးမလောင်။
၉။တုတ်လက်နက်ဆောင်လျှင် ခွေးဟောင်သည်။
၁၀။ဦးခေါင်းပြောင်ရိတ်ခြင်းသည် မာနကိုလည်း ရိတ်သည်မည်ဧ။် ။
၁၁။ဦးချိုကျိုးသော နွားသည် မာနလည်းကျိုးသည်။
၁၂။မြွေဆိုး ပါးပျဉ်းထောင်လျှင် လူရိုက်ခံရသည်။
၁၃။ရန်မထောင်မှ ရန်အောင်သည်။ ရန်ထောင် ရန်လှောင်မိတတ်သည်။
၁၄။ရန်မလိုမှ ရန်ပြိုသည်။ရန်လို ရန်ပိုတတ်လှသည်။
၁၅။သလေးနှံ အဆံမရှိခင် ထောင်သည်။ အဆံပြည့်လျှင်ညွတ်သည်။
၁၆။ဂါရ၀ကင်းသူ ဂုဏ်သတင်းမပြူ။ နွားစာငုတ်တိုနှင့်တူသည်။
၁၇။သူတစ်ပါးလှေကိုဖာနိုင်လျှက် မိမိလှေကို မဖာလျှင် ရေနစ်တတ်သည်။
၁၈။ဥဒေါင်းငှက် အက ကောင်းသော်လည်း စအိုပေါ်၍ အဆိုအမည်ခံရသည်။
၁၉။ရေကန်၌ မှော်ကိုဖယ်၍သောက်ရေခတ်ရသည်။
၂၀။မသူတော်၌ အပြစ်ကိုဖယ်၍ ဂုဏ်ကောင်းရှာရသည်။
၂၁။တုံးတတားလျှောက်စဉ် အရပ်တစ်ပါးမကြည့်နှင့် ချောက်သို့ကျလိမ့်မည်။
၂၂။သံသရာတံတားလျှေက်စဉ် သူတစ်ပါးအပြစ်မကြည့်နှင့် သံသရာချောက်သို့ ကျလိမ့်မည်။
၂၃။တရားပွဲကား လူကျဲတဲ ရပ်ရွာပျော်ပွဲတသဲသဲ။
၂၄။ရိုသေစွာ ခစားလျှင်မင်းခစားပင် မင်းကိုနိုင်သည်။

ပူနေးကျောင်းသား ဘဝ




ပူနေးကျောင်းသား ဘဝ
ပူနေးတက္ကသိုလ်တက္ကသိုလ် ကျောင်းသားဘ၀ရဲ့ အတွေ့အကြုံလေးပါ။ ဤဘလော့ဂ်တွင် လွန်ခဲ့သော ၃ လလောက်က ဖြစ်မည်ထင်သည်၊ ကိုကောင်းမွန်၏ သူ၏နေ့စဉ် ကျောင်းသားဘ၀အကြောင်းလေး တစ်ခုတင်ထားပါသည်၊ ကျောင်းတက် ကျောင်းဆင်း စာကျက်နေရတဲ့ ဘ၀လေးတစ်ခုဖြစ်ပါတယ် မဖတ်လိုက်သေးလျင်လဲ အရင်လတွေမှာ မြန်ရှာပြီးဖတ်နိုင်ပါတယ်။ ဤပို့စ်ကတော့ ယျေဘုယျ ကျောင်းတိုင်းအတွက် မဖြစ်မနေ တွေ့ကြုံရမည့် အခက်အခဲများပင်ဖြစ်ပါသည်။ ထို့ကြောင့် အိန္ဒိယပြည်ကြီးမှာ ကျောင်းသားတစ်ယောက် ဖြက်သန်းရတဲ့ဘ၀လေးကို စာဖတ်ပရိသတ်များအား ခံစားကြည့်စေချင်တဲ့ ဆန္ဒလေးတစ်ခုတည်းနဲ့ ဤပို့စ်လေးကို တင်ဖြစ်သွားခြင်းဖြစ်ပါသည်။

အိန္ဒိယကို ရောက်လာကြတဲ့ ပြည်ပကျောင်းသားတိုင်းမှာ အခက်အခဲများစွာရှိတယ်ဆိုတာ အိန္ဒိယပြည်မှာ ကျောင်းတက်ဖူးသူတိုင်း သိရှိပြီးဖြစ်ပါသည်။ ဒေသတစ်ခု စည်းမျဉ်းတစ်ခုဖြစ်ပါတယ်။ ပူနေးမြို့မှာတော့ ပြည်ပကျောင်းသား များလာတာကြောင့် အခြားမြို့များထက် စည်းမျဉ်းဥပဒေတွေ ပိုများနေသည်ဟူ၍ ဆိုပါတယ်။

ပူနေးရောက်လျင်
မြို့ကိုရောက်လာတာနှင့်တပြိုင်တည်း ပထမဆုံး ကျောင်းသားဖြစ်ဘို့ထက် stay-permit ရဘို့ ပိုအရေးကြီးနေသည်၊ မွတ်ဆလင်ဘာသာဝင်နိုင်ငံတွေက လွဲရင် အခြားနိုင်ငံခြားကျောင်းသားများသည် ၁၄ ရက်အတွင်း FRO (Foreign Register Office) သို့ အပြေးသွားရသည်။ မွတ်ဆလင်ဘာသာဝင် နိုင်ငံမှ ကျောင်းသားများသည် ၁၄ နာရီအတွင်း ဖော်ပြပါရုံးသို့ သွားရောက် သတင်းပို့ရပါသည်။

ထိုရုံးကို သွားတော့ ကျောင်းသားတစ်ယောက် ဖြစ်ကြောင်း ထောက်ခံစာများစွာ ပါရပါတယ်၊ တက္ကသိုလ်က ထုတ်ပေးသော (၁) Eligible Letter ခေါ် ကျောင်းသားဖြစ်ကြောင်း ယာယီထောက်ခံစာ ကော်ပီ။ (၂) ပတ်စပို့မိတ္တူ (၃) ရဲရုံးအတွက်တင်ရန် A Form C form စသည်များ ဖြည့်ရ (၄) မိမိနေသည့် အိမ် (သို့) အဆောင်၏ ထောက်ခံစာ (၅) မိမိတက်မည့် ဌာနက ထုတ်ပေးသော Bonafide ခေါ် ကျောင်းသား ဖြစ်ကြောင်း certificate (မူရင်း) (၆) ဓာတ်ပုံ ၂ ပုံ ယူဆောင်ကာ ဖော်ပြပါရုံးသို့ သွားကာ တန်းစီရပါသည်။ ကျောင်းသားလက်ခံချိန်ဖြစ်သဖြင့် ရုံးတိုင်းမှာ နိုင်ငံခြားသားကျောင်းသားများသဖြင့် တန်းစီရတဲ့ ဒုက္ခ မသေးလှပါ။

Department မှ Bonafide Certificate
ကိုယ်တက်ရောက် သင်ကြားမည့် ဌာန Department မှ ကျောင်းသားတစ်ယောက် တရားဝင်ဖြစ်ကြောင်း လုပ်ထုံးများကလဲ အများသား။ International Student Center ခေါ် ပြည်ပကျောင်းသားရေးရာဌာန၊ ကိုယ်တက်ရောက်မည့် ဌာနနှင့် ဘဏ် တို့ကို ပြေးလွားရပေသည်၊ ပြည်ပကျောင်းသားရေးရာဌာနမှ ကျောင်းသားဖြစ်ရန် အချက်အလက် certificate အားလုံးပြီးပြည့်စုံစွာ စစ်ဆေးပြီးမှသာ အမေရိကန် ဒေါ်လာ ၆၅၅ သွင်းဘို့ ချလန် (ငွေပြေစာ) ထုတ်ပေးသည်၊ ထိုငွေပြေစာကို ဘဏ်မှာ သွားသွင်းရသည်၊ ထိုငွေးသွင်းပြီး ပြေစာများဖြင့် ကိုယ်တက်ရောက်မည့် ဌာနသို့ သွားရောက်ရပြန်သည်၊ ထိုဌာနမှ Department fee ရူပီး ၁၂၀၀၀ (အမေရိကန်ဒေါ်လာ ၂၅၀ ၀န်းကျင်) တန် တနှစ်စာ ချလန်ဖြတ်ပိုင်းထုတ်ပေးသည်၊ ဘဏ်သို့ ပြေးရပြန်သည်၊ ဘဏ်မှာက ရာနှင့်ချီသော ကျောင်းသားများက တန်စီးနေကြသဖြင့် စောင့်ဆိုင်းရသည့် ဒုက္ခ မလွယ်ပါ။ ထိုအားလုံးပြီးကာမှ မိမိတက်ရောက်မည့် ဌာနရဲ့ Head လက်မှတ်ဖြင့် Bonafide Certificate ထုတ်ပေးရန် ခွင့်ပြုချက်ရယူကာ Department Office မှ တံဆိပ်ရယူပြန်သည်။ ထိုထောက်ခံစာ အားလုံး စုစည်းပြီးကာမှ အထက်ဖော်ပြပါ ရဲရုံး FRO သို့ သွားရသည်။ အချို့လဲ ဤ procedure များအားလုံး ၁၄ အတွင်းပြီးနိုင်သလို အချို့မှာတော့ မမီသဖြင့် ရှိတဲ့ လက်မှတ်လေးနှင့် အရင်တင်ထားရသည်၊ ကျန်တာ နောက်မှ ပြန်ပို့ရင်ရသည်။ ၁၄ ရက်အတွင်း မပို့ပါက ဒဏ်ရိုက်ခံရမည်။

နေစရာဘယ်လို ဖန်တီးမလဲ?
အခုဆိုရင် ကျောင်းသားတစ်ယောက် ဖြစ်သွားပါပြီ။ အဓိက အရေးကြီးသည့် ပြဿနာတစ်ခုရှိပါသေးသည်။ သူကတော့ နေစရာပင် ဖြစ်သည်။ International Hostel တွင် အခန်းရဘို့ မလွယ်၊ ကြိုတင်ပြီး တင်ထားသော ကျောင်းသားများသည်ပင် တစ်နှစ်စောင့်ရသည်၊ မနှစ်က ရောက်လာသော ပါဠိဌာနမှ သီတဂူစတား သူငယ်ချင်းတွေ အခုထိ အခန်းမရရှိသေးပါ၊ အပြင်မှာ အိမ်ခန်းငှါး နေရသည်။ ပူနေး အိမ်ငှါးစရိတ်သည် နှစ်စဉ် မြင့်မားလာသည့်အတွက် တစ်ယောက်တည်း အိမ်ခန်းငှါးပြီး နေဘို့ဆိုတာ သီတဂူစတားတို့လို ဘုန်းကံနဲသူတွေအတွက် မဖြစ်နိုင်၊ ကြွားလိုက်ဦးမယ်။ စုပေါင်းငှါးမှသာ လုံခြုံရေးရော ငွေရေးကြေးရေးရော သက်သာမည်။ မနှစ်က သီတဂူကျောင်းသားများ စုပေါင်းငှါးသည့် အိမ်သည် တစ်လလျင် ၁၂၀၀၀ (အမေရိကန် ဒေါ်လာ ၃၀၀ ၀န်းကျင်)။ တက္ကသိုလ်က အဆောင်ရလျင်တော့ ၆ လ ရူပီး ၉၀၀၀ (အမေရိကန် ဒေါ်လာ ၂၀၀) ပေးဆောင်ရသည်၊ သက်သာသည်ဟု ဆိုနိုင်သည်၊ လုံခြုမှုရှိသည်။ ယခုအခါ အခန်းရဘို့ စောင့်ဆိုင်းနေသူ waiting lists တွေ များစွာ တန်းစီနေသည်။ အချို့တော့ အဆောင်မှာ မနေချင်ကြ၊ ချစ်သူ ရီးစားရှိသူတွေ၊ ပိုက်ဆံတတ်နိုင်သူတွေကတော့ အပြင်မှာ အိမ်ခန်းငှါးနေကြသည်၊ ပိုလွတ်လပ်သည်၊ အဆောင်မှာက အမျိုးသားဆောင်သို့ အမျိုးသမီးမတက်ရသလို အမျိုးသမီးဆောင်မှာ လဲ အမျိုးသားမ၀င်ရ၊ ယခုအခါ လုံခြုံရေးအတွက် ပိုတင်းကျပ်လာသည်ဖြစ်ရကား အမျိုးသားဧည့်သည် သည်ပင် အမျိုးသားဆောင် တက်ခွင့်မရတော့ပါ၊ သူငယ်ချင်းတွေ လာတွေ့လျင် အောက်ထက်က ဧည့်ခန်းမှာ တွေ့ရန် လုံးခြုံရေးက လာပြောပေးသည်။

ဘယ်လိုစားမလဲ?

နောက်တစ်ခု အရေးကြီးသည့် အချက်တစ်ခု ရှိပါသေးသည်၊ စားရေးသောက်ရေးပင် ဖြစ်သည်။ စားရေးသောက်ရေးကို ဘယ်လို ဖြေရှင်းကြမလဲ? တက္ကသိုလ်အဆောင်မှာ စားစရိတ်ကို ကိုယ့်ဘာသာ ဖြေရှင်းရသည်။ အချို့တက္ကသိုလ်များက အဆောင်တွင် mass ပါသည်။ ပြည်ပကျောင်းသား အများစုသည် အသားဟင်းကို ကြိုက်ကြသည်။ အိန္ဒိယနိုင်ငံသား ၈၅ ရာခိုင်နှုံးက အသား မစား၊ ပြဿနာက သူတို့က အသားမစားတော့ အချို့တက္ကသိုလ်တွေရဲ့အဆောင်မှာ အသားမချက်ရ၊ ပူနေးတက္ကသိုလ်ကတော့ ပြည်ပကျောင်းသားတွေချည်း နေသဖြင့် ကျောင်းသား ၁၀ ယောက်အတွက် မီးဖိုခန်း တစ်ခန်းပေးသည်။ အပြင်မှာ အိမ်ငှါးလျင် အသားချက်ခွင့်ရှိသည့် အိမ်ကို ရှာဖွေ ငှါးရသည်၊ အချို့အိမ်ပိုင်ရှင်များက အသားဟင်း ချက်စားခွင့် မပြု။ သူငယ်ချင်းတွေ စုချက်စားလျင် အကုန်အကျ သက်သာသည်။ သီတဂူစတားတို့ သီးတင်းသုံးဖော်တွေ ဌာနမတူပေမဲ့ အဆောင်မှာ အတူနေ အတူုချက်စားသည့် မိသားစုစနစ်တစ်ခုဖြစ်သည်။ အလှည့်ကျ ချက်စားကြသည်။ အချို့လဲ အတူမချက်ပေမဲ့ ကိုယ့်ဘာသာချက်ပြီး စားချိန်ရောက် အတူဝိုင်းဖွဲ့စားကြသဖြင့် အခြားပြည်ပကျောင်းသားများသည်ပင် အံသြချီးမွမ်းကြသည်။ မြန်မာတွေက စည်းရုံးမှုရှိသည်၊ cooperation ရှိသည်။ အများစုနိုင်ငံတွေက ကိုယ့်ဘာသာ နေကြသည်၊ self-life style ကို သဘောကျသည်။

ပါတီပွဲလေးများ

အဆောင်မှာတော့ ပြည်ပကျောင်းသားများ စုဝေးရာဖြစ်သောကြောင့် ကိုယ့်နိုင်ငံရဲ့ နေ့ထူးနေ့မြတ်၊ ဥပမာ နှစ်သစ်ကူးလိုမျိုးရောက်လာလျင် အဆောင်မှူးထံ ခွင့်ယူကာ ပါတီပွဲ၊ အတီးအက အခုံ၊ အစားအစာတို့ဖြင့် ကျင်းပတတ်သည်။ အပြင်မှာ အိမ်ခန်းငှါးနေသော ကျောင်းသား ကျောင်းသူတွေက အဆောင်မှာ လာစုတက်ကြသည်။ အဆောင်သည် စုရပ်တစ်ခု ဖြစ်နေသည်။ အမျိုးသားဆောင်နှင့် အမျိုးသမီးဆောင်သည် ကပ်လျက်ရှိနေသည်အတွက် စုဝေးရတာ ပိုအဆင်ပြေနေသည်။

သီတဂူစတား ဆိုက်မှ ကူးယူဖော်ပြသည်။



ဦးရွှေအောင်၏ ဒေ၀ဒတ်

သံသရာတစ်လျှောက်လုံး ရှင်ဒေ၀ဒတ် လူကြမ်းဖြစ်ရခြင်း၌ ရှင်ဒေ၀ဒတ်၏ စရိုက်ဆိုး၊ ဥာဉ်ဆိုးလည်း ပါ၏..။ပတ်ဝန်းကျင်လည်းပါ၏..။ ရှင်ဒေ၀ဒတ်သည် မိမိနှင့် ယှဉ်လာသူတိုင်းအပေါ် ဦးခေါင်း တစ်လုံး မြင့်လို၏..။ဗိုလ်လုပ်လို၏..။ဤသည်မှာ ရှင်ဒေ၀ဒတ်၏ မာနဖြစ်၏..။မာန..ဟူသည် မြင်မြင်သမျှနှင့် ယှဉ်ပြိုင် လိုသောသဘောဖြစ်၏..။ယှဉ်ပြိုင်ရသောအခါ မိမိ၌ မရှိသောဂုဏ်ကို တကယ်ရှိသယောင် ပြုရ၏...။ ဤသဘောကို သာဌေယျဟု ခေါ်၏..။ထို့အပြင် မိမိ၌ တကယ်ရှိနေသော အပြစ်များ၊ အားနည်းချက်များကို လုံးဝမရှိလေဟန် ဖုံးကွယ်ရပြန်၏...။ဤသဘောကို မာယာဟုခေါ်၏...။
အမှန်အားဖြင့် ရှင်ဒေ၀ဒတ်သည် သံသရာတစ်လျှောက်လုံး လူကြမ်းဘ၀ဖြင့် ကျင်လည်ခဲ့ရသည်မှာ မာန၊သာဌေယျနှင့် မာယာတို့၏ ဖိစီးနှိပ်စက်မှုကို မတွန်းလှန်နိုင်သောကြောင့်ဖြစ်၏..။သံသရာတစ်လျှောက်လုံး ရှင်ဒေ၀ဒတ်ဝန်းကျင်ကို လေ့လာကြည့်ပါက များသောအားဖြင့် သူ့ပတ်ဝန်းကျင်သည် သူ့ကို လမ်းမှန်ကမ်းမှန်သို့ ရောက်အောင် ဆွဲဆောင်နိုင်သည့် ပရိသတ်မျိုးမဟုတ်ဘဲ..လူကြမ်းဘ၀သို့ရောက်အောင်သာ ပို့ဆောင်သည့် ပရိသတ်မျိုးသာဖြစ်၏..။အကယ်၍ သူ့ကို ယဉ်ကျေးလာအောင် ပြုပြင်နိုင်သည့် ပရိသတ်မျိုးကို တွေ့လျှင်လည်း ထိုပရိသတ်မျိုးကို သူက ရှောင်၏...။
ရှင်ဒေ၀ဒတ်၏ မူလပင်ကိုယ် စရိုက်ဆိုး၊ ဥာဉ်ဆိုး၊ ၀ါသနာဆိုးတို့အရ..သူသည် အမြဲတမ်း ဗိုလ်လုပ်ခြင်သူ ဖြစ်ရကား သူ့ကို ဗိုလ်တင်နိုင်မည့် ပရိသတ်မျိုးကို ရှာ၏...။ ထိုပရိသတ်မျိုးနှင့်သာ ပေါင်း၏..။ထိုပတ်ဝန်းကျင်မျိုးသာ သူပျော်မွေ့၏...။ သူသည် အနှစ်မရှိသော တော၌ ကြက်ဆူပင်ဖြစ်ရခြင်းကို ကျေနပ်သူဖြစ်၏....နောက်ဆုံး၌ အနှစ်မရှိသော ပတ်ဝန်းကျင်တို့ကြောင့် ရှင်ဒေ၀ဒတ်သည် ဘ၀ပျက်ခဲ့ရလေသည်....

ပါရမီ

လူမှန်သမျှ အလုပ်ကို တစ်ခုမဟုတ် တစ်ခုကို လုပ်နေကြရ၏..။ ထိုသို့ လုပ်ကြရာ၌ ရည်ရွယ်ချက်သည် ရှိ၏..။ထိုရည်ရွယ်ချက်ကို လိုက်၍ ပါရမီသဘောနှင့် ပါရမီမဟုတ်သော သဘောသည် ကွဲပြားသွား၏..။ ငါ့အတွက်..သက်သက်ဟူ၍ ရည်ရွယ်လျှင် ပါရမီမဟုတ်တော့..။ လောကအတွက် ၊ သူတစ်ပါးအတွက်ဟူ၍ ဆိုသည်နှင့် တစ်ပြိုင်နက် မိမိအတွက် တဂ်မက်ခြင်း လောဘကို အလိုလို ပယ်စွန့်ပြီးသား ဖြစ်၏...။ ယင်းကိုပင်..နေက္ခမ္မပါရမီဟူ၍ ဆိုရ၏။ နေက္ခမ္မပါရမီသဘော သက်ဝင်လာလျှင် သာယာဖွယ်ဟူသမျှကို စွန့်နိုင်၏..။ကြံ့ကြံ့ခံနိုင်၏၊ ရဲရင့်လာ၏၊
ထိုအခါ ခန္တီပါရမီသဘော ၀င်လာ၏..။ ခန္တီပါရမီသဘောဝင်လာလျှင် မည်သည့်ဘေးရန်ကိုမျှ မကြောက်တော့။ မြှောက်၍လည်း မမြောက်၊ ခြောက်၍လည်း မကြောက်၊ မိမိကျရာ တာဝန်အတိုင်း တရားသဖြင့် ဆောင်ရွက်သွားမည်သာ ဖြစ်၏။ရရှိလာမည့် အကျိုးကျေးဇူးကိုလည်း မကြည့်၊ ကျရောက်မည့် ပြစ်ဒဏ်ကိုလည်းမကြည့်၊ တရားသဖြင့်ဖြစ်ရေးကိုသာ ကြည့်၏...။ ဤသည်မှာ ဥပေက္ခာပါရမီသဘောဖြစ်၏...။
တပ်မက်စရာကောင်းသော ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာများကို စွန့်လွတ်နိုင်သော နေက္ခမ္မပါရမီ၊ ကြောက်စရာကောင်းသော ဘေးရန်အန္တရာယ် အသွယ်သွယ်တို့ကို မကြောက်မရွံ့ ရဲရဲဝံ့ဝံ့နှင့် ကြံ့ကြံ့ခံနိုင်သော ခန္တီပါရမီတို့ ဖြစ်ထွန်းပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် အကောင်းအဆိုး နှစ်မျိုးလုံးကို လျစ်လျှူရူနိုင်သော ဥပေက္ခာပါရမီသည် မလွဲမသွေ ပေါ်ပေါက်လာရမည်ဖြစ်၏...။
ထိုပါရမီသုံးမျိုး ပေါ်ထွန်းလာသည်နှင့်တစ်ပြိုင်နက် ကျန်သော ပါရမီများ လွယ်လင့်တကူ ပြည့်စုံလာလေ၏..။ ထိုကဲ့သို့ ပါရမီများ ပြည့်စုံလာခြင်းကိုပင် အရိယာမျိုးစေ့ စိုက်ပျိုးသည်မည်၏...
(ဦးရွှေအောင်၏..ဓမ္မပဒ)

ပန်းနှင့်ဘဝ

ပန်းများလှသလို လူ့ဘ၀သည်လည်း လှပါ၏..
ပန်းများမွှေးသလို လူ့ဘ၀သည်လည်း မွှေးပါ၏...။
လှသော မွေးသော ပန်းများကို လောက၌
ထိုက်ထိုက်တန်တန် အသုံးချ၍ ရသလို
လှသော မွေးသော လူ့ဘ၀များကိုလည်း လောက၌
ထိုက်ထိုက်တန်တန် အသုံးချ၍ ရပါ၏....
ဘုရားတင်၍ ပူဇော်ခြင်းဖြင့် ပန်းများကို လောက၌
ထိုက်ထိုက်တန်တန် အသုံးချသလို
လောကအတွက် ပူဇော်ခြင်းဖြင့် မိမိတို့၏ ဘ၀များကို
ုထိုက်ထိုက်တန်တန် အသုံးချ၍ ရပါ၏....
(ဦးရွှေအောင်..၏ ဓမ္မပဒ..မှ)

သမ္ဗုဒ္ဓေဂါထာ ရွတ်ဆိုရခြင်းအကျိုး

သမ္ဗုဒ္ဓေဘုရားရှိခိုးသည် အန္တရာယ်ကင်းရှင်း ဘေးရန်မှန်သမမျှကင်းဝေး၏...။အတိုက်အခိုက် အနှောင့်အယှက်မှန်သမျှ လွင့်စင်၏..။ မိမိ၏စီးပွား၊သားမယား၊စည်းစိမ် အိုးအိမ်ဥစ္စာ၊ အသက် ဇီဝိတိနြေ္ဒရန်အပေါင်းမှ ပယ်ရှင်း၏...။
သူခိုး ဓားပြများ လုယက်၊ တိုက်ခိုက်မှုမှကင်းပြီး အချုပ်၊အနှောင်အဖွဲ့၊ထောင်၊ရုံး၊ဂတ်၊အမှုအခင်းဘေးမှလွတ် မြောက်၏။ ကိုယ်ချမ်းသာစွာ အိပ်စက်ရခြင်း၊ ကောင်းသောအိပ်မက် မက်ခွင့်ရခြင်းစသော အကျိုးများသည် မန္တာန်၏ စွမ်းပကားဖြစ်သည်....။
သမ္ဗုဒ္ဓေ္ဓဂါထာတော်ကြီးကို စောင့်ရှောက်ကုန်သော ဂါထာစောင့်ပုဂ္ဂိုလ်များ၊ သမ္မာဒေ၀နတ်မြတ်နတ်ကောင်းတို့ အား အခက်အခဲ၊ အကြပ်အတည်း ရှိတိုင်း အဓိဌာန်ပြု စောင့်ရှောက်မှုကို တောင်းခံကြပါလေ...။ မသွေမုချ တောင်းတိုင်း ပြည့်ဝကြပါစေသတည်း.....

Tuesday, July 13, 2010

This ဒီဟာကတော့ This ဒီဟာပါပဲ

သူသူငါငါ ပြောကြတဲ့ အကြောင်းအရာများ အားလုံးကို အကျဉ်းချုံးလိုက်ရင် This..ဒီဟာဆိုတာကိုပဲ ရပါတယ်..လောကီရေးအရ ပြောပြော၊ လောကုတ္တရာရေးအရ ပြောပြော၊ ဘယ်သူကပဲ ပြောပြော...ဒီဟာကိုပဲ ပြောကြတာပဲ...။
ဒီနေရာမှာ ဒီဟာဆိုတာ ပစ္စုပ္ပန်တည့်တည့် မြင်ရ၊ကြားရ၊သိရတဲ့ အာရုံများပဲဖြစ်ပါတယ်...။ဒီအာရုံများကို ပြောကြတဲ့ နေရာမှာ ချဉ်းကပ်မှု...သို့မဟုတ်...ဇောင်းပေးမှုကို လိုက်ပြီး ၀ါဒအမျိုးမျိုး ဖြစ်ပေါ်လာခြင်းပဲ ဖြစ်ပါတယ်...။ပဋိစ္စသမုပ္ပါဒ် အနုလောမနည်းနဲ့ ချဉ်းကပ်တော့ ဒုက္ခပွားစီးရေးကို မြင်ရပါတယ်...။ ပဋိစ္စသမုပ္ပါဒ် ပဋိလောမနည်းနဲ့ ချဉ်းကပ်တော့ ဒုက္ခချုပ်ငြိမ်းရေးကို မြင်ရပါတယ်...။ဒုက္ခပွားစီးရေးအတွက် ဇောင်းပေးခြင်းကို မိစ္ဆာပဋိပဒါလို့ ဆိုကြပါတယ်...။ ဒုက္ခချုပ်ငြိမ်းရေးအတွက် ဇောင်းပေးခြင်းကို သမ္မာပဋိပဒါလို့ ဆိုကြပါတယ်.....
This 'ဒီဟာကိုပဲ ဇောင်းပေးတဲ့အခါမှာ ကွန်မြူနစ်ဝါဒနဲ့ ဇောင်းပေးရင် This..ဒီဟာက တစ်မျိုးဖြစ်သွားတယ်..။အရင်းရှင်ဝါဒနှင့် ဇောင်းပေးရင် This ...ဒီဟာက တစ်မျိုးဖြစ်သွားတယ်...။This ...ဒီဟာကတော့ This ..ဒီဟာပါပဲ...။
(ဦးရွှေအောင်၏ ဘ၀အကျဉ်းသားမှ)

ခါးသလား ချိုသလား

ချိုနေတဲ့ ထန်းလျက် စားမှတော့ ချိုမှာပေါ့..သူက ချိုတာ စားတာကိုး.. ခါးတာစားတော့ ခါးမှာပေါ့..သူက ခါးတာ စားတာကိုး...။ ကောင်းတာလုပ်ရင် ကောင်းကျိုးတွေ ရမှာဘဲ...ရမှာပေါ့ ..သူက ကောင်းတာ လုပ်တာကိုး...မကောင်းတာ လုပ်မှတော့ မကောင်းကျိုးတွေ ရမှာဘဲ...ရမှာပေါ့..သူက မကောင်းတာတွေ လုပ်တာကိုး...
အင်း ..အိပ်ရာဝင်ခါနီး သူငယ်ချင်းတစ်ယောက်က မေးတယ်..ဒီနေ့ ကောင်းတာလဲ မလုပ်ဖြစ်ဘူး..မကောင်းတာလဲ မလုပ်ဖြစ်ဘူး..ဒီတော့ ခါးသလား ..ချိုသလားတဲ့...

ကိုယ်ကျင့်တရားနှင့် ဓား

အသိအလိမ္မာသည် ထက်စွာသော ဓားနှင့်တူ၏...။ ကိုယ့်ကျင့်တရားမပါသော အသိအလိမ္မာသည် လူသတ်သမားကိုင်သော ဓားသဖွယ် လူ့လောကအတွက် ကြီးစွာသော အန္တရာယ်ဖြစ်၏..။ ကိုယ်ကျင့်တရားပါသော အသိအလိမ္မာသည် ဆရာဝန်ကိုင်သော ဓားသဖွယ် လူ့လောကအတွက် ကြီးစွာသော ကျေးဇူးကိုပြု၏.....။


(ဘ၀အကျဉ်းသားမှ...ကောက်နုတ်ဖေါ်ပြပါသည်)

စာဖတ်နည်း

စာပေဟူသည် ခေတ်တစ်ခေတ်၏ ကြေးမုံဖြစ်၏...ဒီလိုဆိုကြတယ်..အဲဒီတော့ စာပေထဲမှာ ခေတ်၏သဘော ပါဝင်တယ်လို့ အဓိပ္ပါယ်ရတယ်..ဒါကြောင့် စာဖတ်နည်းကို ဖေါ်ပြကြခြင်းဖြစ်တယ်..စာဖတ်နည်းကို SIMACလို့ အတိုကောက်ဆိုကြတယ်..အဲဒီထဲက Sဆိုတာကတော့Situation..ခေတ်၏အခြေအနေလို့ အကြမ်းဖျင်း အနက် ရတယ်.. Iဆိုတာကတော့ ..Intention...စာရေးသူ၏ ရည်ရွယ်ချက်၊ စာရေးသူ၏ စေတနာ..ဖြစ်တယ်..။ Mဆိုတာကတော့ Matter...အကြောင်းအရာ ဖြစ်တယ်..A..ဆိုတာကတော့ Approach..ချည်းကပ် နည်း ဖြစ် တယ်..၊ ယခုခေတ်ကတော့ ဇောင်းပေးခြင်းလို့ ဆိုတယ်..။ C...ကတော့..Consistency..အကြောင်းအကျိုး၊ သို့မဟုတ်..ရှေ့နှင့်နောက် ဆီလျှော်ခြင်း ..သို့မဟုတ် ညီညွတ်ခြင်းဖြစ်တယ်...
အဲဒီတော့ စာတစ်ပုဒ်ကို ဖတ်ရင်ဖြစ်စေ၊ ရေးရင်ဖြစ်စေ ဒီအင်္ဂါငါးချက်ကို တွေ့အောင် ရှာရတယ်..၊ ဒီအင်္ဂါငါးချက်ကလည်း ပေါ်ထင်ကြီးတော့ ရှိမနေရဘူး...။ပေါ်ထင်ကြီး ရှိနေပြန်ရင်လည်း ဒေါသသင့်တယ်လို့ ဆိုပါတယ်။ ရှိတော့ ရှိရမယ်..သွယ်သွယ်ဝိုက်ဝိုက် ရှိရမယ်...ဒါမှဂုဏ်ရောက်တယ်လို့ ဆိုပါတယ်။ အဲဒီငါးချက်ထဲမှာ အရေးကြီးဆုံးကတော့ ချည်းကပ်နည်းဘဲဖြစ်တယ်.....


(ဦးရွေအောင်၏ စာဖတ်နည်း ဆောင်းပါးမှ ကောက်နုတ်ဖေါ်ပြပါသည်)