အရှင်နာဂ၀ံသာလင်္ကာရမှ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်

Friday, July 23, 2010

သုံးပါးကျောင်းဆရာတော်၏ ဒါန


နယူးယောက် သုံးပါးကျောင်း ဆရာတော်သည် ဒါနဇ္ဈာသယ လွန်စွာအားကြီးတော်မူသည်..အမေရိကန်တွင် နေသော်ငြားလည်း မိမိ ငယ်ဆရာများကို မမေ့..ဆရာသမားကျေးဇူးကို လွန်စွာမှပင် သိတတ်သော ဆရာတော် တစ်ပါးဖြစ်လေသည်..မန္တလေး မဟာဝိသုဒ္ဓါရုံတိုက်သစ် ငယ်ဆရာ ၀ါဆိုဆရာတော်ဘုရားကြီးနှင့် မတ္တရာသူဌေး ဆရာတော်တို့အား အခါအခွင့်သင့်တိုင်း လှူလေ့ရှိသည်..
အမေရိကန်ကနေ လူကြုံကောင်းတိုင်း ဆေးဝါးပစ္စည်းများ န၀ကမ္မငွေကြေးများကို လှူကြုံဖြင့် နှစ်စဉ်နှစ်တိုင်း လှူလေ့ရှိပါသည်.. ကတညုတ ကတဝေဒီဂုဏ်နှင့် လွန်စွာမှ ပြည့်စုံသော ဆရာသမားတစ်ဦး ဖြစ်ပေသည်..ယခုလည်း မြန်မာပြည်သို့ ခေတ္တခဏ ပြန်လာခိုက်...နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားသော ကျိုက်လတ် ပုဗ္ဗာရုံကျောင်းကို ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော်က ပြုပြင်လှူဒါန်းလေသည်..
ထိုကျောင်းတော်ကြီး ပြုပြင်တည်ဆောက်ရန်အတွက် နယူးယောက် သုံးပါးကျောင်းဆရာတော် အရှင်ပါမောက္ခ က မိဘနှစ်ပါးနှင့် သာသနာပိုင် ၀ါဆိုဆရာတော်ဘုရားကြီးကို အမှုးထားပြီး မြန်မာငွေကျပ် သိန်းနှစ်ဆယ်ကို ၀ါဆိုဆရာတော် ရှေ့မှောက်၌ လှူဒါန်းသွားပါသည်....
နယူးယောက် သုံးပါးကျောင်းဆရာတော် ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာစွာဖြင့် အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ သာသနာပြုနိုင်ပါစေကြောင်း ဆုမွန်းကောင်းတောင်းလိုက်ပါတယ်ဘုရား

သုံးပါးကျောင်းဆရာတော်နှင့် မိမိ


နယူးယောက် သုံးပါးကျောင်းဆရာတော် အရှင်ပါမောက္ခ သည် မြန်မာပြည်တွင် နေစဉ်က မန္တလေး မဟာဝိသုဒ္ဓါရုံတိုက် မတ္တရာသူဌေးတန်းကျောင်းတွင် သီတင်းသုံးခဲ့ပါ သည်..မဟာဝိသုဒ္ဓါရုံတိုက်သစ်တွင် နေစဉ်ကပင် မိမိသည် သုံးပါးကျောင်းဆရာတော်အား ရင်ထဲတွင် အမှတ် ထင်ထင် ရှိခဲ့ပါသည်..တိုက်တာအရေး တပည့်တွေအရေးတွေနဲ့ မအားတဲ့ကြားက မိမိတို့ဝါဆိုကျောင်းနှင့် ရတနာပုံရွှေနှင်းဆီနှင်းကျောင်းကြားရှိ ခုံတန်းလျှားလေးပေါ်တွင် ညနေတိုင်း ကြွကြွလာပြီး လူငယ်များနှင့် တရင်းတနှီး ဆက်ဆံပြောဆိုလေ့ရှိသည်ကို မိမိရင်ထဲတွင် ယနေ့တိုင် အမှတ်တရ ရှိခဲ့ပါသည်..
မိမိငယ်စဉ်ကတည်းက နယူးယောက် သုံးပါးကျောင်း ဆရာတော်သည် ဘန်ကောက်သို့ ကြွလိုက် မြန်မာပြည် ပြန်လာလိုက်ဖြင့် ဆရာတော်၏ အတွေ့အကြုံများကို ကြားရတိုင်း စာရေးသူ မိမိသည် အံ့သြအားကျ ကြည်ညိုခဲ့ရပါသည်...
ယနေ့ချိန်တွင် ဆရာတော်သည် နယူးယောက်တွင် သာသနာပြုနေသလို မိမိသည်လည်း ကံတရား လေနှင်ရာ ပျံသန်းနေရပါသည်..ဆရာတော်နှင့် မိမိသည် လူခြင်း မတွေ့ရပေမဲ့ အွန်လိုင်းပေါ်မှာတော့ ဆရာတော့် တရား များကို နေ့စဉ်လို နာနေရပါသည်...မိမိကား ဆရာတော်၏ လေလှိုင်းပေါ်မှ တရားတော်များကို နာယူရင်း ...

သီတဂူဆရာတော်နှင့် နယူးယောက်သုံးပါးကျောင်း ဆရာတော်

နယူးယောက် သုံးပါးကျောင်းဆရာတော် အရှင်ပါမောက္ခသည် စာရေးသူ၏ ငယ်ဆရာဖြစ်သလို.. ဆရာတူ တပည့်လည်း ဖြစ်ပါသည်..မန္တလေး မဟာဝိသုဒ္ဓါရုံတိုက်သစ် ဇယမေဒနီဝါဆိုဆရာတော်ဘုရားကြီးသည် နယူးယောက် သုံးပါးကျောင်းဆရာတော်၏ ငယ်ဆရာဖြစ်သလို စာရေးသူ၏ ငယ်ဆရာ ဥပဇ္ဈာယ်လည်း ဖြစ်ပါသည်...မြန်မာပြည် မန္တလေး မဟာဝိသုဒ္ဓါရုံတိုက်သစ် ၀ါဆိုကျောင်းတွင် နေစဉ်က နယူးယောက် သုံးပါးကျောင်းဆရာတော်ထံ သြ၀ါဒတွေကို နာယူပြီး ဘ၀ကို စခဲ့ရပါသည်..
နယူးယောက် သုံးပါးကျောင်းဆရာတော် အရှင်ပါမောက္ခသည် အရွယ်နှင့်မမျှအောင် နုပျိုသလို လောကကြီးကိုလည်း ပေါ့ပေါ့ပါးပါးလေးနဲ့ ဖြတ်သန်းပါသည်..ယနေ့ချိန်ထိ ဆရာတော်သည် ..ဟိတ်ဟန်မာနမရှိဘဲ...စာရေးသူတို့ကို အွန်လိုင်းမှာတွေ့တိုင်း နောက်ပြောင် ပြောဆို သြ၀ါဒ ပေးတတ်ပါ သည်... တစ်ခါတစ်ရံ မိမိမှာ အမှားပြောမိ၍ သုံးပါးကျောင်းဆရာတော်ကို ကြောက်ရွံ့ ရိုသေပေမဲ့.. ဆရာတော်သည် အပြစ်မယူဘဲ မိမိအား ငယ်စဉ်ကလိုပင် ကျီစယ်နောက်ပြောင်နေလေ့ရှိပါသည်...
ယနေ့ချိန်တွင် နောင်တော်ကြီး အရှင်ပါမောက္ခသည် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် သာသနာပြု သီတင်းသုံးနေပါသည်..
သီတဂူ ကမ္ဘာ့ဗုဒ္ဓသာသနာပြု ဆရာတော်သည် အမေရိကန်နိုင်ငံ နယူးယောက် ကြွလာခိုက် အရှင်ပါမောက္ခသည် တပည့်ကောင်းပီသစွာ သီတဂူဆရာတော်၏ ၀တ်ကြီးဝတ်ငယ်များကို ကိုရင်ငယ်ပမာ ပြုစုပေးပါသည်..
ဤဆောင်းပါးဖြင့် နယူးယောက် သုံးပါးကျောင်းဆရာတော် အရှင်ပါမောက္ခအား ဦးခိုက်လျှက်...
အရှင်နာဂ..

Wednesday, July 21, 2010

ကုမုဒြာတွေ ပွင့်တဲ့ည(အပိုင်း.၁)

ကုမုဒြာတွေပွင့်တဲ့ည (အပိုင်း-၁)

ယနေ့ ၁၃၆၃ - ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့ မှာ ညချမ်းကာလ(၇)နာရီ အချိန်ကစတင်လို့ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ (၆)ရပ်ကွက်၊ ဇေယျဝတီ ပရိယတ္တိ စာသင်တိုက်မှာ ဦးပါစိန်+ဒေါ်ခင်မာညို သားသမီးတစုက ဓမ္မဒါန ပြုသဖြင့် ဆင်ယင်ကျင်းပသည့် ဓမ္မသဘင်ကို ယခုအခါ မေတ္တာအာသီသ မေတ္တာပတ္ထနာဖြင့် စတင်ဖွင့်လှစ်ပါပြီ။

သာသနဗဟုပကာရ

တန်ဆောင်မုန်းလပြည့်ဆိုတော့ သာသနာတော်ရဲ့သမိုင်းမှာ အလွန် ထူးမြတ်တဲ့ နေ့တစ်နေ့၊ သာသနာ့သမိုင်းမှာ ဘာထူးလဲဆိုတော့ သာသနာ တော်မှာ အလွန်တရာကျေးဇူးများတဲ့ မင်းတစ်ပါး၊ ပါဠိလိုပြောမယ်ဆိုရင် သာသနဗဟုပကာရ သာသနာတော် ကျေးဇူးများတဲ့ ပုဂ္ဂိုလ်ကို သာသနဗဟုပကာရခေါ်။
အဲဒီသာသနာတော် ကျေးဇူးများတဲ့ မင်းတစ်ပါး သာသနာတော်ရဲ့ လမ်းကြောင်းက သွေးဖယ်ပြီးနေရာကနေ သာသနာ့လမ်းကြောင်းပေါ်ကို ဖြောင့်ဖြောင့် တန်းတန်းကြီး ပြန်လည်ပြီးတော့ရောက်ရှိခဲ့တာဟာ ဒီကြာဖြူတွေပွင့်တုန်း တန်ဆောင်မုန်းလပြည့်နေ့ပဲ။

ကြာဖြူတွေပွင့်တုန်း တန်ဆောင်မုန်း

တန်ဆောင်မုန်းလပြည့်နေ့ဟာ ကုမုဒြာတွေလှိုင်လှိုင်ကြီးပွင့်တဲ့နေ့၊ ကုမုဒြာဆိုတဲ့ကြာမျိုးဟာ လရောင်နဲ့ ပွင့်တဲ့ကြာ၊ ပဒုမ္မာတို့တခြားကြာနီတွေဆိုလို့ရှိရင် နေရောင်နဲ့ပွင့်တယ်၊ အဲဒီတော့ ကုမုဒြာကြာက လရောင်ကို ကြိုက်တယ်၊ အဲဒီတော့ ဒီကနေ့ညဟာ ကုမုဒြာတွေပွင့်တဲ့ညလို့ ဒီလိုလည်းပြောလို့ရတယ်။
ကုမုဒြာတွေပွင့်တဲ့ညမှာ သာသနာလမ်းကြောင်းကို အဇာတသတ်မင်း တရားကို ဖြောင့်ဖြောင့်ကြီး လျှောက်လှမ်းနိုင်တဲ့ညလည်း ဖြစ်တယ်။
ကောင်းကင်ကို ကြည့်လိုက် တန်ဆောင်မုန်းလလည်းပြည့်၊ မိုးလေးလလည်းပြည့်၊ ရွှေလမင်းကလည်းပြည့် သုံးခုပြည့်တဲ့ ဒီညဟာ ဆီးနှင်းလည်း မကျ မြူလည်းမဆိုင်း တိမ်လည်းမဖုံးဘူး၊ အသူရိန်လို့ခေါ်တဲ့ ငပုတ်လည်း မဖမ်းဘူး၊ ပြီးတော့ မီးခိုးတွေလည်း မဆိုင်းဘူးဆိုတော့ ကောင်းကင်မှာ အပြစ်ငါးပါးကင်းတယ်။
အဲဒီလို အပြစ်ငါးပါးကင်းတဲ့ ကောင်းကင်ကိုကြည့်လိုက်ရင် လပြည့်ဝန်းရဲ့အရောင်ဟာ တစ်ကမ္ဘာလုံးကို အေးချမ်းတဲ့ဓာတ်တွေ ကောင်းစွာ ပေးတယ် အဲဒါကြောင့် အပြစ်ကင်းတဲ့ညကို 'ဒေါသိနာ'လို့ခေါ်တယ်။
ဟောဒီ တန်ဆောင်မုန်းလပြည့်နေ့ဟာ မွေ့လျော်နှစ်ခြိုက် ပျော်ပိုက်ဖွယ်ရာ ကောင်းပေစွ တကား။
ဆီးနှင်းမြူတိမ် သူရိန်မီးခိုး ညစ်မျိုးငါးအင် သန့်ရှင်းစင်တဲ့ ဒီလိုညဥ့် ဟာ ရှု့ချင်စဖွယ် ကောင်းပေစွတကား။ ရှု့ချင်စဖွယ် ကောင်းတယ်။ ကြည့်ဖွယ် ကောင်းတယ်၊ ကြည့်ချင်စဖွယ် ကောင်းတဲ့ည၊ ညချမ်းကာလ ကောင်းကင်ထွက်ကြည့် ကြည့်လို့ကို မဝနိုင်လောက်အောင်လှတဲ့ ည။

ဆီးနှင်းမြူတိမ် သူရိန်မီးခိုး ညစ်မျိုး ငါးအင် သန့်ရှင်းစင်တဲ့လပြည့် တန်ဆောင်မုန်း လပြည့်နေ့ရဲ့ ဒီညကို ကြည့်ရမယ်ဆိုလျှင် ကန်တိုင်းမှာရှိနေတဲ့ ကုမုဒြာကြာဖြူတွေက ကားကား စွင့်စွင့် ပွင့်လို့ ကောင်းကင်က လကလည်း လင်းတာကြောင့် ပါသာဒိကာ၊ ရှုကြည့်သူ လူအပေါင်းတို့ရဲ့ စိတ်နှလုံးမှာ ရွှင်ပြုံး ကြည်နူးဖွယ်ရာ ကောင်းလှပါပေစွ တကား။
ဆီးနှင်းမြူတိမ် သူရိန်မီးခိုး ညစ်ကြေးငါးမျိုး ကင်းပြီးတော့ သန့်ရှင်း ကြည်လင် အေးချမ်းတဲ့ အခုလို ညချမ်းကာလဟာ -

အဘိက္ကန္တာ ဝတ၊ အလွန့် အလွန်နှလုံးမွေ့လျော်ဖွယ်ရာ ကောင်းလှပါပေစွတကားလို့။ မာဂဓော၊ မာဂဓတိုင်းကို အစိုးရသော။ ဝေဒေဟိပုတ္တော၊ ဝေဒေဟီ မိဖုရားရဲ့ သားဖြစ်သော။ ရာဇာ အဇာတသတ္ထု၊ အဇာတသတ်မင်းတရားသည်။ ဥပရိပါသာဒဂတော၊ မွန်မြတ်တဲ့ပြသာဒ်ရဲ့အထက်ဆောင်တက်ပြီးတော့။ ရာဇ မစ္စပရိဝုတော၊ ဝန်ကြီးတွေ အမတ်ကြီးတွေ ခြံရံပြီးတော့။ ဣမံ ဥဒါနံ၊ ဤဥဒါန်းကို ဥဒါနေသိ၊ ကောင်းစွာမသွေ ကျူးရင့်တော်မူခဲ့ရှာလေသတည်း။

အဇာတသတ်မင်းတရား ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်အဇာတသတ် လသာဆောင်လို့ခေါ်တဲ့ အမိုးမရှိတဲ့ ပြသာဒ်ရဲ့အထက် တက်ပြီးတော့ ဝန်ကြီးတွေ အမတ်ကြီးတွေ အကုန်လုံး ဝိုင်းရံပြီးတော့ ကောင်းကင်က လကိုကြည့်ပြီးတော့ အဲဒီလိုစိတ်ထဲမှာ ကြည်နူးလို့ကြည်နူးတဲ့အသံတွေကို ရင်ထဲမှာကြည်နူးမှုတွေကိုပေါ့လေ ရင်ထဲမှာမျိုထားလို့မရတော့ဘူး။ သူ့အနားမှာရှိတဲ့ ဝန်ကြီးတွေ အမတ်ကြီးတွေ စစ်သူကြီးတွေ အားလုံးကြားလောက် အောင်နှုတ်ကနေ ထုတ်ပြီးတော့ဆိုတာ အဲဒါမျိုးကိုဘာခေါ်သလဲဆိုရင်'ဥဒါန' အေး ဥဒါန်းလို့ ဆိုတာဟာ ဝမ်းသာခြင်းနှင့် ရင်ထဲမှာကြည်နူးမှုတွေရင်ထဲမှာ ပြည့်ပြီးတော့ လျှံ ထွက်လာတဲ့စကား။

ဒီလိုည ချမ်းကာလဟာ အလွန့်အလွန်လှပတင့်တယ် ရှု့မငြီးစဖွယ် ဖြစ်နေပေစွကား။ သိပ်လှတဲ့ညပဲ ပါဠိစကားလုံးက ''အဘိရူပါ''ဆိုတာအလွန်လှတယ်။ အဇာတသတ်ဆိုလို့ရှိရင် အကုန်သိတာပဲ၊ ဒါ မင်းကြမ်းတစ်ယောက်ပဲ၊ ကြမ်း တမ်းတဲ့မင်းတစ်ပါး၊ ကြမ်းတမ်းတဲ့မင်းရဲ့နှလုံးသားက ဒီလိုလှပတဲ့စကား လုံးထွက် လာလိမ့်မယ်လို့ ဘယ်သူကမှ မျှော်လင့်လိမ့်မယ်မဟုတ်ဘူး၊ ဒါပေမဲ့ လှပတဲ့ စကားလုံးတွေထွက်လာတယ်။ ပြီးတော့မှပြောလာတယ် ''ဒီလောက် သာယာ ကြည်နူးဖွယ်ကောင်းတဲ့ ဒီလိုလှပတဲ့ ညချမ်းကာလ ဒီလိုအေးချမ်းတဲ့ ညချမ်းကာလ''။
(သီတဂူစတားဆိုက်မှ ကူးယူဖေါ်ပြပါသည်)




အထွတ်အထိပ်

စီးပွားရှာရာ၌လည်း အထွတ်အထိပ်ရောက်အောင် ရှာရ၏..။ပညာသင်ရာ၌လည်း အထွတ်အထိပ်ရောက်အောင် ကြိုးစားသင်ရ၏..။ရာထူးတက်အောင် ကြိုးစားရာ၌လည်း အထွတ်အထိပ်ရောက်အောင် ကြိုးစားရ၏..။ အခြား မည်သည့်လုပ်ငန်း၌မဆို အထွတ်အထိပ်ရောက်အောင် အားထုတ်ရ၏...။ို။
ထိုသို့ အထွတ်အထိပ်ရောက်အောင် ကြိုးစားခြင်း၊ အားထုတ်ခြင်းသည် မိမိအတွက် ယစ်မူးရန်မဟုတ်..။ မိမိအောက် က လူများကို ကယ်တင်ရန်ဖြစ်၏...။မိမိအောက်က လူများကို ကယ်တင်ရန် ဦးတယ်ချက်ဖြင့်သာ မိမိကိုယ်တိုင် အထွတ်အထိပ်ရောက်အောင် အားထုတ်ရ၏..။
အကျဉ်းအားဖြင့် ဆိုရလျှင် မိမိ၏ ဆောင်ရွက်ချက်ဟူသမျှသည် ဖောင်သဘောရှိရ၏..။ကမ်း..သဘော မရှိရ....မိမိအတွက် ဦးတည်ချက်မရှိရ..။ လောကအတွက် ဦးတည်ချက်ရှိရ၏..။ထိုသို့ လောကအတွက် ဦးတည်ချက် ရှိရသည့်အတိုင်း မိမိအတွက် သိမ်းပိုက်ခြင်း လောဘ၌ ရသကို ရှာရ၏..။ လောကအတွက် စွန့်လွတ်ခြင်း အလောဘ၌သာ ရသကို ရှာရ၏..။

Tuesday, July 20, 2010

အကျနာလှပါဘိ

သာသနာ့သမိုင်းတွင် ဒေ၀ဒတ်သည် သံဝေဂရဖွယ် အကောင်းဆုံးသော ပုဂ္ဂိုလ်ဖြစ်သည်...။ ရင်နာဖွယ်လည်း ကောင်း၏..။။သနားစရာလည်း ကောင်း၏..။သူသည် ..သာသနာတော်နှင့် ပတ်သက်၍ ဆိုဆုံးမရာတွင် လူကြမ်း အဖြစ် စံထား၍ ဆိုဆုံးမခံရသူဖြစ်၏..။ အဓမ္မနည်းကို အသုံးပြုလာလျှင် ဒီကောင်က ဒေ၀ဒတ်ပဲ ဟူ၍ မကောင်း ဘက်မှ စံပြအဖြစ် တင်ပြခံရသူဖြစ်၏...။ိ
ဒေ၀ဒတ်သည် သာကီဝင်မင်းသားဖြစ်၏..။ မလ္လာမင်းတို၏ နယ်မြေ အနုပိယ သရက်ဥယျာဉ်၌ အခြားသော သာကီဝင်မင်းသားများ ဖြစ်ကြသော ဘဒ္ဒိယ၊အနုရုဒ္ဓ၊အာနန္ဒာ၊ဘဂု၊ကိမိလ၊ ဆတ္တာသည် ဥပါလိနှင့်အတူ စုစုပေါင်း ခုနှစ်ယောက်တို့ တစ်ပြိုင်နက် မြတ်စွာဘုရားအထံတော်၌ ရဟန်းပြုကြသူများ ဖြစ်ကြ၏...။
ဒေ၀ဒတ်သည် သာကီဝင်မင်းသားဖြစ်သည် ဆိုကတည်းက သူ၏ အတိတ်ကံကို မှန်းဆ၍ ရ၏..။ သူ၏..အတိတ်ကံကား....နှယ်နှယ်ရရ အတိတ်ကံမဟုတ်..။ ဈာန်သမာပတ်နှင့် အဘိညာဉ်ကို ရစေနိုင်စွမ်းသော အတိတ်ကံဖြစ်၏..။
သို့ရာတွင် သူ၏...အတိတ်ကံသည်...စာမေးပွဲကာလ တစ်လျှောက်လုံး..စာမှန်မှန် မကျက်ဘဲ အာပူတိုက်ထား သော မေးခွန်းနှင့် ကွက်တိတိုး၍ ဖြေဆိုနိုင်ပြီး ပထမစွဲသော ကံမျိုးသာဖြစ်၏..စည်းစနစ်တကျ မှန်မှန်ကန်ကန် ကျေကျေညက်ညက် ကျက်မှတ်ပြီး၊ မေးခွန်းများ အားလုံးကို ဖြေဆိုနိုင်ပြီး ပထမစွဲသော ကံမျိုးမဟုတ်..။
ထိုကြောင့် ဒေ၀ဒတ်၏ ကံမျိုးကို စာပေဝေါဟာရဖြင့် ဆိုရလျှင် ပါရမီမမြောက်သော ကံမျိုးဟူ၍ ဆိုရ၏..။
အရပ်သုံး ဝေါဟာရဖြင့် ဆိုရလျှင် ကြက်ကန်း ဆန်အိုးတိုး ကံမျိုး ဖြစ်၏..။သို့ဖြစ်၍သာ ရှင်ဒေ၀ဒတ်သည် ရခဲသော လူ့ဘ၀ကို ရခြင်း၊ လူ့ဘ၀ ဆိုရာတွင်လည်း မြင့်မြတ်သော သာကီဝင်မင်းသားဘ၀ဖြစ်ခြင်း၊ ရခဲသော ရဟန်းဘ၀ကို ရခြင်း၊ ရဟန်းဘ၀ဆိုသော်လည်း ဈာန်သမာပတ်နှင့် အဘိညာဉ်ဖြစ်ခြင်း၊ ထိုမျှလောက် ထူးချွန်သူ ဖြစ်ပြီး မြတ်စွာဘုရားရှင်နှင့် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံရပါလျှက် သူ၏ ဘ၀သည် အကျ နာလှပါ၏...သံဝေဂရ ဖွယ် ကောင်းပေစွ...
(ဦးရွှေအောင်)

Monday, July 19, 2010

ဖြစ်တတ်ပါတယ်

အိမ်ရှင်မတစ်ယောက်သည် အစေခံ ယောက်ျားကလေးတစ်ယောက်နှင့် ဖောက်ပြားလေ့ရှိ၏...။ အခါတစ်ပါးသော် ထိုယောက်ျားကလေးအား နမ်းနေသည်ကို အိမ်ရှင်ယောက်ျား မြင်သွားလေသည်..။ ထိုသို့ မြင်သွားကြောင်းကို လည်း အိမ်ရှင်မကိုယ်တိုင် သိလိုက်ရကား မိမိ၏ ခင်ပွန်းထံသို့ သွားပြီးလျှင်..
..မောင် ..ဒီကောင်လေးဟာ ..မရိုးသားဘူး...
................ဒီနေ့ မောင်ဖို့ထားတဲ့ မုန့်ကိုယူစားပြီး မယူဘူးလို့ လိမ်တယ်...
..ခု သူ့ပါးစပ်ကို နမ်းကြည့်တော့ ပါးစပ်က မုန့်စော်နံတယ်.....
...မရိုးသားသူကို အိမ်မှာ ထားလို့ ..မတော်ဘူးထင်တယ်..ဟု ပြောလေသည်...
ဤသို့ စသည်ဖြင့် မာယာသဘောတွေ အလွန်ပေါများနေရကား ရှေးလူကြီးတို့က....
ပရိယာယ်တစ်ထောင်၊ မာယာကောင်တစ်သိန်း၊
အပလိန်းအနန္တ၊ သဲကိုးဖြာမလောက်လို့..ရှားကိုးပင်က အရွက်တွေကိုပင် ရောနှော၍ ရေတွက်ရသည်...ဟု ပြောစမှတ် ပြုခဲ့ကြလေသည်....

Sunday, July 18, 2010

ပလာသ

ပြိုင်ဆိုင်ခြင်းကို ပလာသဟု ခေါ်သည်...။ပြိုင်ဆိုင်ခြင်းသဘောအရ ဆွေမျိုးခြင်းလည်း ပြိုင်၏..။ သူတစိမ်းနှင့်လည်း ပြိုင်၏..။မိတ်ဆွေအရင်းအချာနှင့်လည်း ပြိုင်၏..။ ထိုသို့ပြိုင်ရာတွင်.. ပေါ်ပေါ်ထင်ထင် ပြိုင်ခြင်းလည်းရှိ၏..။မသိ မသာတိုးတိုးတိတ်တိတ် ကျိတ်၍ ပြိုင်ခြင်းလည်းရှိ၏..။
စီးပွားရေးအရလည်းပြိုင်၏..။ပညာရေးအရလည်း ပြိုင်၏...။အုပ်ချုပ်ရေးအရလည်း ပြိုင်၏..။အခြားရေးရာများအရ လည်း ပြိုင်၏..။ဤသို့သော ပြိုင်ဆိုင်ခြင်းဟူသည် မကောင်းသောအကုသိုလ်တရားဖြစ်ကြောင်း သတိရှိမှ၊ဆင်ခြင်မှ၊ ပယ်ဖျက်ရန် ကြိုးစားမှသာ သိ၏..။သို့မဟုတ်ပါက မိမိသန္တာန်၌ ပြိုင်ဆိုင်ခြင်းသာ ရှိလေ၏...။
ပြိုင်ဆိုင်ခြင်းသဘောတရားအရ သူတစ်ပါးက မိမိထက် သာသွားမှာကို စိုးရိမ်၏..။မနာလိုဖြစ်၏..။မိမိထက် သာသွား မှာကို စိုးရိမ်ခြင်း၊မနာလိုခြင်းကို ဣဿာဟုခေါ်၏..။ ဣဿာအရ စီးပွားရေးနယ်ပယ်၌ဖြစ်လျှင် မိမိထက် စီးပွားရေး အရ သာကြောင်း တွေ့မြင်ရလျှင်ဖြစ်စေ၊ကြားသိရလျှင်ဖြစ်စေ မခံချိ မခံသာ ဖြစ်၏..။မျက်နှာပျက်၏..။
ပညာရေးနယ်ပယ်၌ဖြစ်လျှင် ပညာရေးအရ မိမိထက်သာကြောင်း၊တတ်ကြောင်း၊တော်ကြောင်း တွေ့မြင်ရလျှင်ဖြစ်စေ၊ အများချီးမွမ်းသံကို ကြားရလျှင်ဖြစ်စေ စိတ်ကသိကအောက်ဖြစ်၏..မျက်နှာပူ၏..။
အုပ်ချုပ်ရေးနယ်ပယ်၌ဖြစ်လျှင် အုပ်ချုပ်ရေးအရ မိမိထက်သာကြောင်း၊ လုပ်ရည်ကိုင်ရည်ရှိကြောင်း တွေ့မြင်ရလျှင်ဖြစ်စေ၊အများအသိအမှတ်ပြုသံကို ကြားရလျှင်ဖြစ်စေ၊ စိတ်မချမ်းမသာဖြစ်ရ၏။ ရှက်စိတ်ဝင်၏။
ဤသည်မှာ မနာလိုခြင်း ဣဿာ၏ သဘောဖြစ်၏..။ ယင်းဣဿာ၏ သဘောကို သတိ၊ ပညာ၊ ၀ီရိယတို့ဖြင့် ပယ်ဖျောက်အပ်၏....။
(ဘ၀အကျဉ်းသား..မှ)